saw chit thi ha

လာရောက်လည်ပတ်သော မိတ်သင်္ဂဟအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ စောချစ်သီဟမှ ဦးစွာမေတ္တာပို့သတ်လျှက်ရှိပါတယ်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မိတ်ဆွေတစ်ယောက်ရဲ့ ဇနီးသည် ဆုံးပါးသွားလို့
“အသုဘ” သွားမေးဖြစ်တယ်။ အသက်က (၄၈)နှစ်။
အလုပ်အကိုင်က ဆရာဝန်,မ။ ကင်ဆာရောဂါကို (၁၂)နှစ်ကြာအောင် ကြံ့ကြံ့ခံရင်း
နောက်ဆုံး လက်မြှောက် အရှုံးပေး သွားခဲ့ရတာပါ။ သမီးလေး (၃)ယောက်
ကျန်ရစ်ခဲ့ပါတယ်။

နောက် (၂)ရက်ကြာတော့ ဂွတ်တလစ်မှာ နေတဲ့ ကျွန်တော့် အဒေါ်တစ်ယောက်

ဆုံးပါးသွားပြန်ပါတယ်။ သူကတော့ အသက် မငယ်တော့ဘူးလို့ ပြောရင်လည်း ရပါတယ်။ အသက် (၆၈)နှစ်ပါ။
လေဖြတ်ပြီး အိပ်ယာထဲမှာ (၆)လ လောက် ဝေဒနာ ခံစားပြီးမှ ကွယ်လွန်သွားရတာပါ။

အလွန်ပင်ပန်း ဆင်းရဲပါတယ်။ အိပ်ယာထဲမှာ ကြာရှည်လဲလျောင်း နေရတဲ့ အတွက်
ဖြစ်ပေါ်လာတဲ့ “အိပ်ယာနာ” (bed sore) တွေကြောင့် အပြင်းအထန်
နာကျင်ကိုက်ခဲမှုကို ခံစားပြီး ကွယ်လွန်သွား ရတာပါ။ မြင်ရတာ မသက်သာလွန်းလို့
ဆုံးပါးသွားတာကိုဘဲ ၀ဋ်ကျွတ်သွားတာဘဲလေ လို့တောင် သဘောထား မိ လိုက်ပါတော့တယ်။ကနေ့ နေ့လယ် (၁၂)နာရီမှာ “အသုဘ” ချပါတယ်။ မရောက်တာ အတော်ကြာနေပြီ ဖြစ်တဲ့ “ရေဝေး” ကို ရောက်ခဲ့ရ ပြန်ပါပြီ။ “ရေဝေး” သုဿန်ရဲ့ မြင်ကွင်းတွေကတော့ အရင်တုန်းကလိုဘဲ ဘာမှ မပြောင်းလဲ သေးပါဘူး။
ကားတွေ တစ်စီးပြီး တစ်စီး ဆိုက်လာမယ် . . . လိုက်လံပို့ဆောင်သူတွေ မျက်နှာ

မသာမယာနဲ့ ကားတွေပေါ်က ဆင်းလာမယ် . . . ဆလွန်းကားပေါ်က မိသားစုဝင်တွေ
/ဆွေမျိုးတွေ မျက်ရည်ဖြိုင်ဖြိုင် နဲ့ ဆင်းလာကြမယ် . . . ပြင်ဆင်ထားတဲ့
“ကွယ်လွန်သူ” ရဲ့ ရုပ်အလောင်းကို တစိမ့်စိမ့် ကြည့်ကြရင်း နောက်ဆုံးခရီးကို
“အငို နဲ့ နှုတ်ဆက်” ကြမယ် . . . စိတ်မခိုင်တဲ့ သူတွေဆိုရင် အော်ကြ၊
ဟစ်ကြမယ်။ ရင်ဘတ် စည်တီးကြမယ် . . . အပူလုံးဆို့ပြီး “တက်” သွားလို့
ဝိုင်းပြီး နှိပ်ကြ နှယ်ကြရမယ် . . . နောက်ဆုံးတော့ အလောင်းကို
မီးသဂြိုဟ်စက် ထဲ ထည့်လိုက်မယ် . . . ခေါင်းတိုင်က အငွေ့တလူလူ ထွက်လာမယ် . .
ခဏနေရင် လူတစ်ယောက်ရဲ့ အသွင်သဏ္ဍန် ကနေ “ပြာအိုး” တစ်အိုးအဖြစ် ပြောင်းလဲ ရောက်ရှိသွားရပါတော့တယ် . . .
ဒီမြင်ကွင်းတွေကတော့ “ရေဝေး” ကို ဘယ်အချိန်ရောက်ရောက် မပြောင်းလဲနိုင်တဲ့

မြင်ကွင်းတွေပါ။ လူတစ်ယောက် ရဲ့ ဘ၀ခရီး အဆုံးသတ် မြင်ကွင်းတစ်ခု ပါ။
လူ့ဘ၀ရဲ့ နောက်ဆုံးခရီးကို “အငို နဲ့ နှုတ်ဆက်” ကြရတဲ့ မြင်ကွင်းပါ။
လူတန်းစားအမျိုးမျိုး၊ အသက်အရွယ် အစုံစုံ သာပြောင်းလဲ နေလိမ့်မယ်။
အားလုံးကတော့ လူ့ဘ၀ရဲ့ အပြန်ခရီးကို “အငို နဲ့ နှုတ်ဆက်” ကြတဲ့ ပွဲပါဘဲ။
လူ့ဘ၀ကိုအလာတုန်းကတော့ ဒီလိုမဟုတ်ခဲ့ပါဘူး။ အားလုံးက အပြုံးပန်းတွေနဲ့

ကြိုဆိုခဲ့ကြတယ် မဟုတ်လား။ ကိုယ့်ရဲ့ မိခင်၊ ဖခင်၊ အဖိုး ၊ အဖွား ၊ ဦးလေး
အဒေါ် တို့ရဲ့ ပီတိ ရွှန်းဝေနေတဲ့ အပြုံးပန်းတွေနဲ့ ကျွန်တော်တို့တစ်တွေ
အကြိုဆိုခံခဲ့ကြရပါတယ်။ လူ့ဘ၀ထဲကို ရောက်လာခဲ့ကြတဲ့ သူတွေ
အားလုံးလောက်ပါဘဲ။ သိပ်ပျော်စရာကောင်းလှတဲ့ “အလာ ခရီး” ပေါ့ဗျာ။
အပြန်ခရီးကတော့ လိုက်ပါ နှုတ်ဆက်သူတွေ များလှပေမယ့် ပျော်စရာတော့ မကောင်းလှ

ပေဘူးပေါ့ဗျာ။ အားလုံးဟာ မျက်နှာ ညှိုးညှိုးငယ်ငယ် နဲ့ ချည်းပါဘဲ။
“မသာတစ်ခေါက် ၊ ကျောင်း ဆယ်ခေါက်” ဆိုတဲ့ ဆိုရိုးစကားလေးကို သိကြမှာပါ။

“အသုဘ” ကို တစ်ခေါက် လိုက်ပို့လိုက်တာဟာ “ဘုရားကျောင်းကန်” ကို (၁၀)ခေါက်
သွားရတာလောက် ကုသိုလ်ရပါတယ် တဲ့။ ငယ်ငယ်တုန်းက လူကြီးတွေ ပြောကြတာပါ။ သြော်
ဟုတ်လားပေါ့။ ငယ်ငယ်ကတော့ ဒီလိုဘဲ သိခဲ့ပါတယ်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေကလည်း “ကုသိုလ်” ဆိုတာကို တော်တော်

ခုံမင်နှစ်သက်ကြပါတယ်။ ဘာမှ ရေရာ သေချာမှု မရှိလှတဲ့ လူ့ဘ၀ ကြီးထဲမှာ
“နေဖို့ဘဲဖြစ်ဖြစ်” ၊ “သေဖို့ဘဲ ဖြစ်ဖြစ်” ကုသိုလ်တော့ များများတော့
ရအောင်လုပ်ရမယ်လို့ ထင်မြင် ယူဆကြပါတယ်။ ဒါကြောင့် လှူကြတယ်၊ တန်းကြတယ် ၊
ဥပုဒ်သီတင်း ဆောက်တည် ကြတယ်၊ အဓိဌာန် ၀င်ကြတယ် ၊ ဇီဝိတ ဒါန (ငါးလွှတ်၊
ငှက်လွှတ်) တွေ လုပ်ကြတယ်၊ တရား အားထုတ်ကြတယ် ၊ အသုဘတွေ လိုက်ပို့ကြတယ်။
ကုသိုလ် ရအောင်လို့ တဲ့။
အမှန်ကတော့ “မသာတစ်ခေါက် ကျောင်းဆယ်ခေါက်” ဆိုတာ ကုသိုလ်ယူဖို့ ပြောတာ

မဟုတ်ပါဘူး။ “သံဝေဂ” ရနိုင်အောင် လို့ပါ။ ထိတ်လန့် နိုင်ကြအောင်လို့ပါ။
သြော် – ငါလည်း တစ်နေ့မှာ ဒီနေရာကို ဒီလို အဖြစ်မျိုးနဲ့ ရောက်ရမှာဘဲ၊
ဒီနေရာ၊ ဒီအခန်း ၊ ဒီ ကုတင်ပေါ်မှာ လဲလျှောင်း ရမှာ ဧကန်မုချဘဲ။
ကိုယ့်ကိုယ်ကို “ငါ” ထင်နေတဲ့ ဘ၀ကနေ “ငါ” မဟုတ်တဲ့ အရိုးပြာအိုး တစ်အိုး
အဖြစ်နဲ့ နိဂုံး ချုပ်ရမှာပါလား . . လို့ သံဝေဂတရား ဖြစ်ပေါ်မှသာ
“ကျောင်းကန်ဘုရား ဆယ်ခေါက်သွားသလောက်” အကျိုးရှိမှာကို ဆိုလိုတာပါ။ဒါပေမယ့(ကျွန်တော်ထင်ပါတယ်) . . အသုဘ ပို့သူ (၁၀၀)မှာ , ဒီလို နှလုံးသွင်းတဲ့သူ
တစ်ယောက် မရှိလောက်ပါဘူး။ “လူ” ဆိုတဲ့ သတ္တ၀ါဟာ အင်မတန် “အတ္တ” စိတ်
ကြီးမားသလို၊ အင်မတန်လည်း “မျှော်လင့်ချက်” ကြီးမားတဲ့ သတ္တ၀ါမျိုးဘဲဗျ။
အခုနေ ကမ္ဘာကြီးကို ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုက ၀င် “ဆောင့်” လိုက်လို့

ကမ္ဘာ့လူဦးရေ သန်းပေါင်း (၆၀၀၀)ဟာ အားလုံးနီးပါး သေကြေပျက်စီး လိမ့်မယ်။ လူ (၁၀၀)လောက်ဘဲ အသက်ရှင် ကျန်မယ်လို့များ ဆိုခဲ့ရင် အဲဒီ ကျန်ခဲ့တဲ့ လူဦးရေ (၁၀၀)ထဲမှာ ကိုယ်တော့ ပါမှာဘဲ မျှော်လင့်ကြတဲ့သူချည်းပါဘဲ။
ရေဝေး စတဲ့ သုသာန်တွေကို ရောက်လို့ ငါလည်း ဒီနေရာကို လိုက်ပို့ခံရမယ်၊

ဒီနေရာမှာ လဲလျောင်းရလိမ့်မယ်၊ ဒီနေရာမှာ မီးသင်္ဂြိုဟ်ခံရ လိမ့်မယ် ဆိုတာ “စိတ်ကူးထဲမှ သေသေချာချာ ပုံဖော်ပြီး” များ တွေးမိဘူးပါရဲ့လားဗျာ။
အသုဘစင်ပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေတဲ့ ကိုယ့်ကို လူအများက
ဘေးကနေ၀ိုင်းပြီး ကြည့်နေတာ/ပြီးရင် မီးသင်္ဂြိုဟ်စက်ထဲ
ထိုးသွင်းခံလိုက်ရတာ/ “ငါ” ဆိုတာ ဒီလောကကြီးထဲကနေ အပြီးအပိုင်
ကွယ်ပျောက်သွားတာ။ ဟာကွာ “နိမိတ်မရှိ ၊ နမာမရှိ” လို့ဘဲ ပြောကြလိမ့်မယ်။
ကျွန်တော်တော့ ခဏ ခဏ တွေးကြည့်မိ ဘူးတယ်။ တွေးကြည့်ရတာ စိတ်တော့ မသက်သာ
စရာပေါ့ လေ။ ဒါပေမယ့် ဒါဟာ လုံးဝ မလွဲချော်နိုင်တဲ့ အမှန်တရား တစ်ခုဘဲ
မဟုတ်လား။

လူတို့ရဲ့ ဘာသာစကားမှာ “သေခြင်း”(Death) ဆိုတဲ့ စကားလုံးလောက် နားခါးတဲ့

စကားလုံး သိပ်ရှိမယ် မထင်ပါဘူး။ သိပ်ကို နားခါးပါတယ်။ သူငယ်ချင်းတစ်ယောက်
ကို ကြည်စယ် ကြည့်စမ်းပါ။ “ညက အိပ်မက်ထဲမှာ မင်း သေသွားတယ် လို့ အိပ်မက်
မက်တယ်ကွာ” လို့ ပြောကြည့်။ ပြီးရင် သူ့မျက်နှာကို အကဲခတ် ကြည့်။ ဘယ်လို
ဖြစ်သွားမယ်လို့ ထင်ပါသလဲ ?
ဒီ စကားလုံးက လူတိုင်း

ကြောက်ကြတယ်လေ။ “သေ” ဆိုတာ မပြောနဲ့ဦး။ ဒီနှစ် ခင်ဗျား ကျန်းမာရေးကို သတိထား လို့ ပြောလိုက်ရင်တောင်မှ အနည်းနဲ့ အများ တုန်လှုပ် သွားကြတာချည်းပါဘဲ။
သူ့ဟာသူ

ရာထူးဘယ်လောက် ကြီးကြီး၊ ငွေကြေး ဘယ်လောက် ချမ်းသာ ချမ်းသာ ၊ ဘယ်လောက်
နာမည်ကျော်ကြား ကျော်ကြား ၊ မတုန်လှုပ်တဲ့သူ မရှိပါဘူး။ “ခင်ဗျား သေကိန်း
ရှိတယ်” လို့ တည့်တည့် ပြောချလိုက်ရင်တော့ မျက်ဖြူပါ လန်သွားမလား မသိပါဘူး။
(ဒီလိုတော့ တစ်ခါမှ မပြောဘူးပါဘူး ၊ သေခြင်းတရားကိုလည်း ဘုရားမှ တစ်ပါး
ဘယ်သူမှ တပ်အပ်သေချာ မသိနိုင်ပါဘူး)
ဒီနေရာမှပြောရမယ် ဆိုရင် – လူတစ်ယောက်ဟာ ရာထူး၊ ဂုဏ်သိန် ၊ ဓန ဥစ္စာ ၊ ကျော်ကြားမှု

စတဲ့ အရာတွေကို များများ ပိုင်ဆိုင်ထားလေလေ သေရမှာကို ပိုကြောက်လေလေ ဆိုတာကို သွားတွေ့ရတယ်ဗျ။ ဒေါ်လာ တစ်ဘီလီယံ လောက် ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက် နဲ့ လမ်းဘေးက တစ်ကောင်ကြွက် သူတောင်းစား တစ်ယောက် ဘယ်သူက
သေခြင်းတရားကို ပိုကြောက်သလဲ မေးရင် သူဌေးက ပိုကြောက်တယ်လို့ ဖြေရမှာဘဲဗျ။
ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတွေ အရမ်းကြီးမားလေလေ သေရမှာ ကြောက်လေလေ ပါဘဲ။
လမ်းဘေးက တစ်ကောင်ကြွက် သူတောင်းစားကတော့ သူ့ဘ၀က နေလည်း မထူး၊ သေလည်း မထူး ဘ၀လေ။
တွေးကြည့်ရင်လူတွေရဲ့ ဘ၀က အရမ်းသနားဖို့ ကောင်းပါတယ်။ လူဆိုတာ မွေးဖွားလာပြီး

တစ်နေ့ကျရင် သေကြရမှာဘဲ ဆိုတာ သိနေပါရက်နဲ့ သေခြင်း ကို ထိတ်လန့် နေကြရတဲ့
ဘ၀။ သေခြင်း တရားကို နေ့စဉ်နဲ့ အမျှ တိုက်ခိုက်နေကြရတဲ့ ဘ၀။ သေတော့ သေကြမှာဘဲ . . ဒါပေမယ့် စောစော မသေ အောင် နည်းမျိုးစုံနဲ့ အားထုတ်နေကြရတဲ့ ဘ၀။ ဘယ်လို အားထုတ်ထုတ်/ငြင်းဆန်ဆန် ၊ နောက်ဆုံးတော့လည်း မရဏမင်းရဲ့
လက်တွင်းကို သက်ဆင်းကြ ရတော့တာပါဘဲလေ။
သေခြင်းသေသက်တမ်းစေ့အောင် နေလိုက်ရရင် တော်သေးတာပေါ့လို့လည်း တွေးတတ်ကြတယ်။

ဒါပေမယ့် သက်တမ်းစေ့ အောင် နေရတော့ကော ကျေကျေနပ်နပ်ကြီး သေချင်ကြသလား။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်စမ်းပါ။
ကျွန်တော့်တို့ အဖွားဘဲ ကြည့်။ သူ အသက် (၇၀)လောက်က ပြောဘူးတယ်။ ငါ နောက်ထပ်

(၅)နှစ်လောက် နေရရင် တော်ပါပြီ တဲ့။ နေရပါတယ်။ အသက် (၇၅)နှစ်ကျတော့ တစ်ခါ
ဒီအတိုင်းဘဲ ပြောပြန်တယ်။ နောက်ထပ် (၅)နှစ်လောက် နေရရင် တော်ပါပြီ တဲ့ ။
လုပ်ပြန်ရော။ ပြောကြပါစို့ဗျာ။ နောက် (၅) နှစ် (၅) နှစ် နဲ့ သက်တမ်းတိုး
သွားလိုက်တာ အသက် (၉၀)အထိ ရောက်သွားပါတယ်။ ဒါတောင်မှာ အသက် (၉၀)မှာ နောက်
(၅)နှစ်လောက် ဆိုတာ ပြောသေးတာဘဲဗျ။ ဒါပေမယ့် ဒီတစ်ခါတော့
နေမသွားလိုက်ရပါဘူး။ အသက် (၉၂)မှာ ဆုံးသွားပါတယ်။
ကျန်ခဲ့တဲ့ သူတွေကတော့ ပြောကြပါတယ်။ ဒီ အသက်လောက် ဆိုရင်တော့

“သေပျော်ပါပြီ” တဲ့။ ဆိုလိုတာက လူ့ဘ၀မှာ နေရတာ “တန်” သွားပြီပေါ့ဗျာ။
ဒါပေမယ့် အဖွားကွယ်လွန်ချိန်မှာ ကျွန်တော် အနားမှာ ရှိပါတယ်။ အဲဒီမှာ
ကျွန်တော် သေသေချာချာ သိလိုက်တာက အဖွားဟာ အသက် (၉၂)နှစ် အထိ နေသွားရမယ့် သူ
မသေချင်သေးဘူးဆိုတာ ကျွန်တော် သိလိုက်ပါတယ်။ သူ မသေချင်သေးဘူး။ စကား မပြောနိုင်တော့ပေမယ့် သူ့မျက်နှာမှာ မသေချင်သေး ဘူးဆိုတာ အထင်းသား ပေါ်နေပါတယ်။
ကျွန်တော်တို့တစ်တွေ အသည်းအသန် မကျန်းမမာ ဖြစ်ပြီး ပြန်လည် “နလံပြန်ထ”

လာတဲ့ အခါများမှာ ပြောကြတဲ့ စကားလေး ရှိတယ် မဟုတ်လား။ “ဒီတောင်တော့ ကျော်သွားပါပြီ” တဲ့။ ဒါပေမယ့် လူတွေ အားလုံး မေ့နေကြတဲ့ အချက်က လူတိုင်း လူတိုင်းမှာ “လုံးဝ မကျော်လွှားနိုင်တဲ့ တောင်တစ်လုံး” စီတော့ ရှိနေကြတယ် ဆိုတာပါဘဲ။
ဒီတော့ ကျွန်တော်တို့ဟာ မွေးဖွားလာပြီးရင် တစ်နေ့ သေကြမှာဘဲ ဆိုတာကို လက်မခံချင်ပေမယ့်လည်း လက်ကို လက်ခံရတော့မှာဘဲ မဟုတ်လားဗျာ။ ကြောက်နေလို့ ဘာအကျိုးရှိမလဲ။ ကြောက်နေတော့ကော အသေက လွတ်ဦးမှာလား။ ဒီတောင်က လွတ်ရင်လည်း နောက်ထပ် နောက်ထပ် တောင် တစ်လုံးကတော့ စောင့်နေဦးမှာ ဘဲလေ။“လူဟာ သေမျိုးမို့ ဘယ်အသက်အရွယ်မှာဘဲ သေရ သေရ ၊ ငါ , သေခြင်းတရားကို ကျေကျေနပ်နပ်ကြီး လက်ခံပြီး သေလိုက်မယ်” လို့ ယတိပြတ် ဆုံးဖြတ် ထားတာဟာ အကြောက်တရားကို လျော့နည်း စေပါတယ်။ အမှန်ကို အမှန် အတိုင်း ၊ အရှိကို အရှိ အတိုင်း လက်ခံလိုက်တာဟာ “ဘူတံ ၊ ဘူတော ပဿတိ” ဆိုတဲ့ ဗုဒ္ဓရဲ့ တရားတော် နဲ့လည်း ညီညွတ်ပါတယ်။ကျွန်တော် စိတ်အပျက်ဆုံး ကိစ္စ တစ်ခု ရှိပါတယ်။ အဲဒါက ကိုယ်သေရမယ့် အချိန်မှာ “ပြုံးပြီး မသေနိုင်ဘဲ” “မဲ့ပြီး သေရမယ့်” အဖြစ်ကိုပါ။ တစ်ချို့လူတွေ သိပ်အားကျဖို့ကောင်းတယ်။ သေခြင်းတရားကို ပြုံးပြုံးလေး ရင်ဆိုင် သွားလိုက်တာများ။ ကွယ်လွန်ချိန်ပြီးမှာတောင် သူတို့မျက်နှာပေါ်က အပြုံးရိပ်ဟာ ကွယ်ပျောက် မသွားခဲ့ပါဘူး။ တချို့ကျပြန်တော့လည်း ထိတ်လန့်ကြောက်ရွံ့ခြင်း ကြီးစွာနဲ့ ကွယ်လွန်သွားရပုံများ- သေပြီးချိန်မှာတောင် မျက်နှာမှာ “ထိတ်လန့်နေတဲ့” ပုံရိပ် ကို ဖုံးဖိလို့ မရပါဘူး။ဒါတွေဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့နံပါတ်(၁)ကသေခြင်းတရားကို လက်မခံလိုဘဲ အတင်း ငြင်းဆန် နေတာကြောင့် တကြောင်း။ နံပါတ် (၂)က “ဘ၀တိုတိုလေးထဲ နေရခိုက်” မှာ ကိုယ်ပြုခဲ့တဲ့ အပြစ် ဒုစရိုက်တွေက များလွန်း ကြောင့် တကြောင်း ဆိုတာ သွားတွေ့ရပါတယ်။ ဒီအချက် နှစ်ခုကလည်း တစ်ခုနဲ့ တစ်ခု ဆက်စပ် နေတယ်ဗျ။သေရမှာကိုနှလုံးသားထဲက သိပြီး လက်ခံထားတဲ့လူဟာ “လောဘလည်း နည်းသွားတယ်၊ ဒေါသလည်း နည်းသွားတယ် ၊ ကိုယ်ကျိုး အတ္တလည်း နည်းသွား ပါတယ်”။ “လူ့ဘ၀ရဲ့ အချည်းအနှီး

ဖြစ်ပုံ” (နောက်ဆုံးတော့ ဘာမှ မဟုတ်ပုံ) ကို သိလိုက်ရတဲ့အတွက် “မာန်မာန” ထောင်လွှားမှုကိုလည်း နည်းပါးသွားစေပါတယ်။
သေရမှာကို သဘောတရားအရသာ သိပြီး နှလုံးသားထဲက လက်မခံနိုင်သူကတော့ “လောဘကြီးစရာ ရှိရင်လည်း လွှတ်ကြီးတော့မှာပါ။ ဒေါသကြီးစရာ ရှိရင်လည်း လွှတ်ကြီးတော့မှာပါ။ မာန ထောင်လွှားစရာ ရှိရင်လည်း မိုးထိအောင် ထောင်လွှားတော့မှာပါ။ ခွင့်လွှတ်ခြင်းဆိုတဲ့ သဘောတရား၊ ကိုယ်ခြင်း စာနာခြင်းဆိုတဲ့သဘောထား တွေလည်း ကွယ်ပျောက်လာနိုင်စရာ ရှိပါတယ်။ (ငါမသေနိုင်သေးဘူးလို့ ထင်နေတော့ တာကိုး)တကယ်တော့သေခါနီး အချိန်မှာ လူတစ်ယောက် အထိတ်အလန့်ဆုံး ဖြစ်စေတဲ့ ကိစ္စက “သေခြင်း” တရားထက် စာရင် “မသေခင် ကိုယ်ပြုခဲ့တဲ မတရားမှုတွေက သက်သေလာခံခြင်း” က ပိုပြီး အင်အားကြီးမားပါတယ်။ ကျွန်တော်ဟာ “သေမင်း တံခါးပေါက်” အနားကို အကြိမ်ကြိမ် ရောက်ခဲ့ဘူးသူမို့ဒါကိုကြုံတွေ့ ခံစားဖူးသူပါ။ဒီအချိန်မှာ ကိုယ်ဘယ်လိုမှ မတွေးဘဲနဲ့ “ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုရော၊ မကောင်းမှုပါ” (စိတ်အာရုံထဲမှာ) တဖျတ်ဖျတ်နဲ့ ပေါ်လာတဲ့ ကိစ္စဟာ အတော်လည်း ထူးဆန်းလှပါတယ်။ အတော်လည်း တုန်လှုပ်မိခဲ့ရပါတယ်။ ကိုယ်တွေ့ပါ။ ဒီကိစ္စဟာ ကိုယ်ပြုခဲ့တဲ့ အကုသိုလ် ကြီးမားရင် ကြီးမားသလောက် “မဲ့ရွဲ့ တွန့်လိမ်ပြီး”အရုပ်ဆိုးစွာ သေဆုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။ဒီတော့ မိတ်ဆွေတို့ . . ရေ။ ကျွန်တော်တို့ဟာ “သေမျိုး” တွေ ဖြစ်လို့ တစ်နေ့ သေကြရမှာကို (အသက်အရွယ် မရွေး၊ သေနိုင်တာကို) နှလုံးသား ထဲကနေ ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ကြရင် ပိုမကောင်းပေဘူးလား။ ဘယ်အသက်မှာမဆိုရုတ်တရက် သေနိုင်တာမို့ “နေရာတကာမှာ ကိုယ့်အတွက်၊ ကိုယ့်မိသားစု အတွက် ချည်းသာ” ရှေ့တန်းချင်တဲ့ စိတ်ကလေးကို အသာနောက်ဆုတ်ပြီး “ငါ မသေခင် လူ့လောကကြီးအတွက် ဘာတွေ လုပ်ပေးနိုင်ခဲ့ မလဲ” ဆိုတာ တွေးကြည့်ရင် ပိုမကောင်းဘူးလားဗျာ။လူ့လောကကြီးအတွက် လုပ်ပေးရမယ် ဆိုလို့ သိပ်ခက်ခက်ခဲခဲလည်း ထင်မနေနဲ့ဦး။ သိပ် အခက်ကြီး မဟုတ်ပါဘူး။ တိုတောင်းတဲ့ ဘ၀ခရီးတစ်ကို အတူလျှောက်လှမ်း နေကြသူချင်း “ကိုယ့်လောက်မှ ကံမကောင်းသူ” “ကိုယ့်ထက် အင်အားနည်းပါးသူ” “ကိုယ့်ထက် နွမ်းပါးချို့တဲ့သူ” တွေကို ကိုယ့်အိပ်ထဲကနေ “တစ်စိတ် တစ်ဖဲ့လောက်” ကူညီပေးတာဟာ လူ့လောကကြီး အကျိုးကို ဆောင်ရွက်ပေးနေတာဘဲ မဟုတ်လားဗျာ။
ကုန်ကုန်ပြောရင် ဘတ်(စ်)ကားစီးနေရင်းနဲ့ ကိုယ်ဝန်ဆောင်တွေ၊ အဖိုးအဖွားအရွယ်တွေကို ကိုယ်ထိုင်နေတဲ့ နေရာလေး ဖယ်ပေးခြင်းလောက်ဟာလည်း လူ့လောက အကျိုးကို ဆောင်ခြင်းပါဘဲ။ အချုပ်ကတော့ “အတ္တ” မကြီးဖို့၊ “ငါ , တကော မကော” ဖို့၊ “တစ်ကိုယ်ကောင်း မဆန်ဖို့” ၊ “ဝေမျှပေးဖို့” ၊ “ကြင်နာသနားတတ်ဖို့” ပါဘဲ။ရစရာရှိရင်ရှေ့ဆုံးကတက်ပြီး ကိုယ့်အိတ်ထဲ အကုန်ကျုံးထည့်ချင်တတ်တဲ့ “လူ့ စရိုက်” ကလေးကို နဲနဲ ပြုပြင်ပြီး သေလမ်းကို သွားနေကြတဲ့ “ဘ၀တူ အချင်းချင်း” အားကြီးသူက အားနည်းသူကို ကူညီဖေးမပေးကြမယ်ဆိုရင်ဖြင့် ဘယ်လောက်များ ကောင်းလိုက်လိမ့်မလဲဗျာ။ဒီလို သေခြင်းတရားကို ကျေကျေ နပ်နပ် လက်ခံပြီး လူ့လောကအကျိုးကို ကိုယ်စွမ်းသလောက်(မသေခင်) အကျိုးပြုခဲ့မယ်ဆိုရင် ကွယ်လွန်ချိန်မှာ လူတိုင်းမှာမတွေ့နိုင်တဲ့ အပြုံးပန်းကလေး နဲ့ ခင်ဗျားရဲ့ နောက်ဆုံး အချိန်ကို နှုတ်ဆက်ထွက်ခွာနိုင်ပြီပေါ့ဗျာ။ ဒီတော့ ကျန်ရစ်ခဲ့တဲ့ သူတွေမှာလည်း “အငို နဲ့ နှုတ်ဆက်” ကြရပေမယ့် ရင်ထဲမှာတော့ အပြုံးပန်း ဆင်နိုင်ကြတော့မှာ မဟုတ်ပါလား။ ကျွန်တော် ပြောချင်တာကတော့ ဒါလေးပါဘဲ။ကိုယ်တိုင်လည်းဒီလို အပြုံးနဲ့ သေနိုင်အောင်ကြိုးစားအားထုတ်လျှက်ပါ။လမ်းခွဲမှာဝမ်းမနည်းကြပါစေနဲ့ဟု ဆုတောင်းပေးလိုက်ပါသည် ခင်ဗျား။ ကျန်းမာလို့ ချမ်းသာကြပါစေ။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
မှတ်ချက်။
LA အဇူကျောင်းဆရာတော် ဦးဧသက မှ ဒီပို့စ်လေး သိပ်ကောင်းတာပဲ အားလုံးအတွက်
သံဝေဂယူဘို့ အလွန်ကောင်းတယ်။ အကျိုးများပါတယ် တင်လိုက်ပါလားလို့
မေးနဲ့ပို့လာတာလေး ထပ်ဆင့်ပြီး ဓမ္မဒါနပြုလိုက်ပါ တယ်။ စေတနာ မေတ္တာဖြင့်
ပေးပို့လာသော ဆရာတော်အား အထူးကျေးဇူးတင်ပါတယ်ဘုရား။

ပုံပြင်တစ်ပုဒ်လောက် ပြောပြပါရစေ။
ဒီပုံပြင်မှာ ရည်ရွယ်ချက် ရှိပါသည်။
လူဆိုတာ တစ်ယောက်ထည်း နေလို့ မရဘူး။ အသိုင်းအဝိုင်း၊ အပေါင်းအသင်းနဲ့
နေရတယ်။ အနည်းဆုံး ကိုယ့်မိသားစုနဲ့ ပေါင်းရတယ်။ သင်းရတယ်။ အမြဲတမ်းထိတွေ့ဆက်ဆံနေရတော့ စိတ်ထဲမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ၊
အားမလိုအားမရဖြစ်မှုတွေ ရှိနိုင်ပါတယ်။ ဒီပုံပြင်လေးဟာ
အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား၊ မိဘနဲ့ သားသမီးအကြား၊ ဆရာနဲ့ တပည့်အကြား၊
လင်မယား နှစ်ယောက်အကြား၊ သူငယ်ချင်း နှစ်ယောက်အကြားမှာ ထားသင့်ထားအပ်တဲ့
အတွေးတစ်ခုကို ပေးပါလိမ့်မယ်။

*********
တစ်ခါတုန်းက……….
အလင်းမရှိဘဲ မှောင်နေတဲ့ အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်ကလေး (၅)တိုင်
ရှိတယ်။ အဲဒီ ဖယောင်းတိုင်တွေမှာ အလင်းကိုယ်စီနဲ့ပေါ့။ ဖယောင်းတိုင်
(၅)တိုင်ရဲ့ အလင်းအားကြောင့် မှောင်မည်းနေတဲ့အခန်းဟာ လင်းထိန်နေတော့တယ်။
ဒီအခန်းထဲကို လေပြေပျော့လေး တိုက်ခတ်နေသတဲ့။ တစ်ခါတစ်ခါမှာ လေဟာ
ပြင်းသွားလိုက်၊ တစ်ခါတစ်ခါမှာ လေဟာ ငြိမ်သွားလိုက်နဲ့ပေါ့။
လေတစ်ချက်အဝေ့မှာ ဖယောင်းတိုင်လေး တစ်တိုင် မီးငြိမ်းသွားတယ်။ အခန်းဟာ
အလင်းအား နည်းနည်း လျော့သွားတယ်။ အဲ့ဒီဖယောင်းတိုင်လေးကို ``အချစ်`` လို့
နာမည်ပေးကြည့်ရအောင်။ ``အချစ်ဆိုတဲ့ အလင်းအားလေး`` လျော့သွားတော့ အခန်းဟာ
နည်းနည်းလေး မှောင်သွားတယ်။

နောက်ထပ် လေအဝှေ့မှာ ဒုတိယ ဖယောင်းတိုင်လေး မီးငြိမ်းသွားပြန်တယ်။ အဲဒီ
ဖယောင်းတိုင်လေးကို ``သံယောဇဉ်`` လို့ နာမည်ပေးကြည့်ရအောင်။ ဒီအခန်းထဲမှာ
``အချစ်`` ဆိုတဲ့ အလင်းရောင်ရယ်၊ ``သံယောဇဉ်`` ဆိုတဲ့ အလင်းရောင်ရယ်
မရှိတော့ဘူး။ အခန်းဟာ အမှောင်ထု ကြီးစိုးလာတော့တယ်။

ဒီလိုနဲ့ နောက်ထပ် ```လေတစ်ချက်`` အဝေ့မှာ တတိယ ဖယောင်းတိုင်လေး
ငြိမ်းသွားပြန်တယ်။ အဲဒီဖယောင်းတိုင်လေးကို ``မေတ္တာတရား`` လို့
နာမည်ပေးကြည့်ရအောင်။

ဒီလိုပဲ… နောက်ထပ် လေအဝေ့တစ်ချက်မှာ စတုတ္ထဖယောင်းတိုင်လေး
ငြိမ်းသွားပြန်တယ်။ ဒီဖယောင်းတိုင်လေးကိုတော့ ``ကရုဏာ တရား`` လို့
နာမည်ပေးကြည့်ရအောင်။
ဖယောင်းတိုင် (၅) တိုင် အလင်းအားရှိတဲ့ ဒီအခန်းဟာ ဖယောင်းတိုင်
(၁)တိုင်မျှသာ အလင်းအားရှိတော့တယ်။ ဒီနောက်ဆုံး ဖယောင်းတိုင်လေးသာ
လေအဝေ့မှာ မီးညွန့်ကလေးငြိမ်းသွားခဲ့ရင် ဒီတစ်ခန်းလုံး
မှောင်မည်းသွားတော့ မှာပါပဲ။

ဖြစ်ချင်တော့ ဒီအခန်းထဲကို လူတစ်ယောက် ရောက်လာတယ်။
``အခန်းကြီးက မှောင်းမည်းနေတာပဲ။ တော်သေးတာပေါ့။ ဖယောင်းတိုင်လေးတစ်တိုင်
လင်းနေသေးလို့``
ပြောပြောဆိုဆို ဖယောင်းတိုင်ရဲ့ မီးညွန့်ကို လက်ဝါးလေးနဲ့ ကာလိုက်တယ်။
အလင်းရောင် မှိန်ပျပျအောက်မှာ မီးငြိမ်းနေတဲ့ ဖယောင်းတိုင် (၄)တိုင်ကို
တွေ့သွားတယ်။ ချက်ချင်းဆိုသလိုပဲ နောက်ဆုံးကျန်နေတဲ့ ဖယောင်းတိုင်ရဲ့
မီးညွန့်ကိုကူးပြီး မီးငြိမ်းသွားခဲ့တဲ့ ဖယောင်းတိုင်လေးတွေကို
မီးကူးပေးလိုက်တယ်။ ဒီအခန်းက အရင်အတိုင်းပဲ ပြန်ပြီး
လင်းထိန်သွားပါတော့တယ်။

**********
စာဖတ်သူကို မေးပါရစေ……
ဒီနောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်လေးကို ကျွန်တော်တို့
နာမည်ပေးကြည့်ကြရအောင်။ စာဖတ်သူလည်း ကြိုက်သလို နာမည်ပေးပါ။
ကျွန်တော်ပေးထားတဲ့ နာမည်လေးတော့ ရှိတယ်။ ကျွန်တော်က နောက်ဆုံး
ဖယောင်းတိုင်လေးရဲ့ နာမည်ကို ``နားလည်ပေးမှု၊ စာနာပေးမှု ဖယောင်းတိုင်``
လို့ နာမည်ပေးထားတယ်။

တွေးကြည့်ရအောင်။
လူတစ်ယောက်နဲ့ တစ်ယောက်အကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့
အလင်းအား ရှိတဲ့ ဖယောင်းတိုင်လေးသာ ရှိနေသေးရင် ``အချစ်``ဆိုတာ
ပြန်ဖြစ်နိုင်တယ်။ ``သံယောဇဉ်`` ဆိုတာ ပြန်ဖြစ်နိုင်တယ်။ ``မေတ္တာတရား၊
ကရုဏာတရား``တွေ ပြန်ဖြစ်နိုင်တယ်။ ``နားလည်ပေးမှု၊ စာနာပေးမှု`` ဆိုတဲ့
ဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်… အခန်းကြီး မှောင်မည်းသွားသလို
အချစ်တွေ၊ မေတ္တာတရားတွေ၊ သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့
မလွယ်တော့ပါဘူး။ လူ့ဘဝရဲ့ အနှစ်သာရလည်း ပျက်စီးသွားတော့မှာပါပဲ။

မိသားစု အချင်းချင်းအကြားမှာ၊ သူငယ်ချင်းနှစ်ယောက်အကြားမှာ၊
မောင်နှ်မနှစ်ယောက်အကြားမှာ၊ လင်းမယားနှစ်ယောက်အကြားမှာ၊
အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြားမှာ ``နားလည်ပေးမှု၊ စာနာပေးမှု``ဆိုတဲ့
ဖယောင်းတိုင်လေး လင်းနေဖို့ လိုမယ်ထင်ပါတယ်။ ဒီဖယောင်းတိုင်လေးသာ
မီးငြိမ်းသွားခဲ့ရင်… လူမှုဆက်ဆံရေးရဲ့ ပျော်စရာကောင်းတဲ့ သဘာဝကို
ခံစားနည်းလည်နိုင်တော့မှာ မဟုတ်ပါဘူး။
ချစ်သူနှစ်ယောက်အကြားမှာ ``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ရှိရင် ပျော်စရာ
သိပ်ကောကင်းမှာပဲ။
မိဘအပေါ်မှာ နားလည်ပေးတက်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ မိသားစုဟာ
ပျော်စရာကြီးပါ။ ဒီလိုပါပဲ နားလည်ပေးတက်တဲ့၊ စာနာပေးတက်တဲ့ မိဘတွေရဲ့
သားသမီးဖြစ်ခွင့်ရရင်လည်း ပျော်စရာပါပဲနော်။
ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင်
အချစ်ဆိုတာ ပျော်စရာပဲလို့ ခံစားမိမှာပါ။

အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့အစည်းတွေသာ ကျွန်တော်တို့
ဝန်းကျင်းမှာရှိခဲ့ရင် ကျွန်တော်တို့ လူ့ဘောင်လောကကြီးဟာ ဒီထက်ပိုပြီး
သာယာလာပါမယ်။ ငြိမ်းချမ်းလာပါမယ်။ တိုးတက်လာပါမယ်။ ပျော်စရာလည်း
ကောင်းလာပါမယ်။

ဒါကြောင့် ဘယ်နေရာမှာ မဆို ``နားလည်ပေးမှုနဲ့ စာနာပေးမှု``
အပြန်အလှန်ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ။
ဒါပေမယ့်….
``နားလည်ပေးမှုနဲ့ စာနာပေးမှု `` ကိုတော့ အလွဲသုံးစား မလုပ်သင့်ဘူးနော်။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို အခွင့်ကောင်းမယူသင့်ဘူး။
``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ကို တန်ဖိုးမဲ့အောင် မလုပ်သင့်ဘူးနော်။

စာဖတ်သူလည်း နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ဘယ်လိုများ မှည့်ခေါ်ချင်ပါသလဲ။

ဒီပုံပြင်လေးကို ဖတ်ပြီး….
``ချစ်သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ လူသားတွေ၊ အဖွဲ့အစည်းတွေ``
ရဲ့ကြားမှာ ``နားလည်ပေးမှုနဲ့ စာနာပေးမှု`` ဆိုတဲ့ အလင်းရောင်ကလေးနဲ့ ``
အချစ်တွေ၊ သံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊ ကရုဏာတရားတွေ`` ပြန်ပြီး
ရှင်သန်ထွန်းလင်းကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

သူငယ်ချင်း -

မင်းတို့တည်ထောင်ထားတယ်ဆိုတဲ့ Web Portal ကို လာလည်ပါဦးဆိုလို့
ငါလာသွားတယ်။ ဒါပေမယ့် ဝင်ဝင်ချင်းပဲ Home Page မှာရေးထားတဲ့
စည်းကမ်းချက်ကို တွေ့တာနဲ့ ငါလှည့်ပြန်ခဲ့တယ်ကွာ။ မင်းတို့ရဲ့
“နိုင်ငံရေးလုံးဝမရေးရ” ဆိုတဲ့ စည်းကမ်းချက်ကြီးလေ။ အဲဒါနဲ့ ပတ်သတ်ပြီး
ဆွေးနွေးချင်လို့ ငါ ဒီစာလေးရေးလိုက်တာပါ သူငယ်ချင်းရေ။


ဒီလိုရေးထားတာကိုတွေ့တော့ ငါ ခံစားမိလိုက်တာက မင်းတို့ဟာ အဲဒီ
“နိုင်ငံရေး” ဆိုတဲ့စကားလုံးကို အတိအကျ နားမလည်နိုင်သေးဘူး ဆိုတာပါပဲ။
ငါသိသလောက်တော့ မင်းတို့ပြောချင်တဲ့ နိုင်ငံရေးဆိုတာတွေက အစိုးရကို
ဝေဖန်တာ၊ အတိုက်အခံကို ထောက်ခံတာ၊ ပါတီထောင်တာ၊ ဆန္ဒပြတာတွေကို
ဆိုလိုတာမဟုတ်လား။ ဒါဆိုလည်း နိုင်ငံရေးမရေးရ ဆိုတဲ့နေရာမှာ
အစိုးရကိုမဝေဖန်ရ လို့ပဲရေးသင့်တာပေါ့ကွာ။ တကယ်တော့ နိုင်ငံရေးဆိုတာ
နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စ၊ တတိုင်းပြည်လုံး အတိုင်းအတာနဲ့
လုပ်ရမယ့် အရေးကိစ္စတွေကိုခေါ်တဲ့ နိုင်ငံ့အရေး ကိုပြောတာပါသူငယ်ချင်းရေ။
အစိုးရကိုဖြုတ်ချဖို့၊ အတိုက်အခံကို အားပေးဖို့ဆိုတာထက် ကိုယ်ပါဝင်နိုင်တဲ့
နေရာတစ်ခုကနေ တိုင်းပြည်နဲ့ လူမျိုး အကျိုးရှိမယ့် နိုင်ငံ့အရေးကို
တတ်နိုင်သလောက် လုပ်ကြရလိမ့်မယ်၊ ပြောကြရလိမ့်မယ်၊ နောက်ပြီး
ရေးကြရလိမ့်မယ်သူငယ်ချင်း။


လူတွေက ဒီမိုကရေစီ လိုချင်တယ်၊ ဒီမိုကရေစီရရင် ချမ်းသာပြီ၊ လူစဉ်မီပြီလို့
ထင်နေကြတယ်။ လူ့အခွင့်အရေးတွေ အပြည့်အဝရလာတာနဲ့ မနက်ဖြန်တော့ ထိုင်း၊
စင်္ကာပူကိုမီပြီ၊ သန်ဘက်ခါတော့ ဂျပန်ကိုမီပြီ၊ နောက်တစ်ရက်ကျ
အမေရိကန်ကိုမီမယ်လို့ ယုံကြည်နေကြတယ်။ ကမ္ဘာမှာ ဆင်းရဲနေတဲ့
ဒီမိုကရေစီနိုင်ငံတွေ အများကြီးဆိုတာ သတိထားမိစေချင်တယ်ကွာ။ ငါတို့
အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်ဟာ ဒီမိုကရေစီနိုင်ငံတော်ကြီးပေါ့။
ဒီနေ့အစိုးရပြောင်း၊ နောက်နေ့ ဒီမိုကရေစီနိုင်ငံလို့ ကြေညာတာနဲ့
ငါတို့နိုင်ငံ နတ်ရေကန်ထဲကျသလို ဖြစ်မလာသေးပါဘူး။ ငါတို့ မြန်မာလည်း
ဒီမိုကရေစီဖွံ့ဖြိုးလာတဲ့အခါ ဘင်္ဂလားဒေ့ရှ်လို ဖြစ်ချင်လား၊
ဂျပန်လိုဖြစ်ချင်လား။ ဒါ ငါတို့ရွေးရလိမ့် သူငယ်ချင်း။ ဒီမိုကရေစီကို
မင်းလည်းလိုချင်တယ်၊ ငါလည်းချစ်တယ်။ ဒါပေမယ့် သူများတွေလို ပါတီထဲလည်း
မပါရဲဘူး။ လမ်းပေါ်လည်း မထွက်ရဲဘူးမဟုတ်လား။ ဒီတော့ ငါတို့တွေလုပ်သင့်တာက
အစိုးရအပြောင်းအလဲကို ရည်ညွှန်းတာမဟုတ်တဲ့ နိုင်ငံရေးပဲ သူငယ်ချင်း။
ဒီလိုပြောလို့ ငါတာဝန်မဲ့တာမဟုတ်ဘူးနော်။ တာဝန်ခွဲယူတာပါ။ ဒီနေ့ခေတ်ကြီးမှာ
အစိုးရကို အတိုက်အခံလုပ်နေတဲ့ အဖွဲ့တွေဟာ လက်ဆယ်ချောင်း ဘယ်ကမလဲ။
သံဃာတွေချည်းပဲကိုက ၂ ဖွဲ့ ၃ ဖွဲ့၊ ကျောင်းသားအဖွဲ့ကချည်းပဲ ၅ ဖွဲ့လောက်၊
ပြည်ပရောက် အစိုးရက ၂ ဖွဲ့လောက်၊ ပြည်တွင်းမှာ UG ဆန်ဆန်လုပ်နေကြတာက ၅
ဖွဲ့လောက်၊ လက်နက်ကိုင်ထားတာ၊ တိုင်းရင်းသားအဖွဲ့အစည်းဆိုတာတွေနဲ့
ပေါင်းလိုက်ရင် ... သူငယ်ချင်းရေ - တနေ့နေ့များ ဒီမိုကရေစီရခဲ့ရင်
အားလုံးညီညီညွတ်ညွတ် ပြန်ပေါင်းထုပ်နိုင်ကြပါတော့မလားပဲ။ ကဲ ဒီလူတွေက
အစိုးရပြောင်းဖို့၊ စနစ်ပြောင်းဖို့ လုပ်နေကြပြီဆိုတော့ ငါတို့ကလည်း
ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်နိုင်တဲ့ နိုင်ငံရေးကို လုပ်ကြရလိမ့်မယ်။
ပြည်တွင်းက နာမည်ကြီးမဂ္ဂဇင်းတစ်ခုက အယ်ဒီတာချုပ်တစ်ယောက်ပြောတာလေး သတိရတယ်။
လုပ်ချင်တာတွေ လုပ်ခွင့်မရသေးခင်မှာ လုပ်သင့်တာလုပ်ကြရတယ်ဆိုတာ မှန်ပေမယ့်
လုပ်နိုင်တာလည်း လုပ်ထားကြရမယ်တဲ့လေ။ သူငယ်ချင်း ငါတို့
ဘာလုပ်ထားနိုင်မလဲ။ ဒီမိုကရေစီရလာရင် အဆင်သင့်ဖြစ်နေအောင် ငါတို့
ဘာတွေပြင်ဆင်ထားကြမလဲ။ ငါတော့ အဲဒီနိုင်ငံရေး လုပ်ချင်တယ်ကွာ။
နိုင်ငံ့အရေးပေါ့။
ငါတို့တွေ အဖွဲ့အစည်းတစ်ခုအနေနဲ့ မဟုတ်ဘဲ တစ်ဦးချင်းလုပ်ထားနိုင်တာတွေမှာ
လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားတွေ ပြန်ကောင်းမွန်လာအောင်၊
အကျင့်ပျက်လာဘ်စားမှုတွေကို အားမပေးမိအောင်၊ အားကစား၊ ပညာရေးနဲ့ ကျန်းမာရေး
ဆုတ်ယုတ်နေမှုတွေကို ပြန်တိုးတက်လာအောင် တဘက်တလမ်းက ဝင်ကူကြဖို့တွေဟာ
ထိပ်ဆုံးက ဦးစားပေးရမယ့် အလုပ်တွေပေါ့သူငယ်ချင်း။ ဒါတွေဟာ ဒီမိုကရေစီမှ
မဟုတ်ပါဘူးကွာ။ ဘယ်စနစ်၊ ဘယ်တိုင်းပြည်အတွက်မဆို လိုအပ်လှတဲ့
အခြေခံအုတ်မြစ် စစ်စစ်တွေပါပဲ။ စိတ်မကောင်းစရာက ငါတို့နိုင်ငံမှာ ဒါတွေဟာ
ဆိုးဆိုးရွားရွားပျက်စီးနေတာပါပဲ။

သူငယ်ချင်း - မင်း သတိထားမိလားတော့ မသိဘူး။ ငါတို့နိုင်ငံမှာက လူတွေကို
စည်းကမ်းလိုက်နာစေချင်ရင် ဒဏ်ငွေကောက်တဲ့ နည်းလမ်းကို သုံးတယ်နော်။
တိတိကျကျလိုက်ပြီး ဒဏ်ငွေကောက်နိုင်သလားဆိုတော့ မကောက်နိုင်ပါဘူး။
ဒဏ်ငွေတွေ၊ ထောင်ဒဏ်တွေနဲ့သာ ခြိမ်းခြောက်နေတာ - ဘာဖြစ်လို့
ဒီစည်းကမ်းတစ်ခုခုကို လူတွေ လိုက်နာသင့်သလဲ ဆိုတာမျိုးကို တာဝန်ရှိသူတွေက
လူတွေနားဝင်အောင်တော့ ဘယ်တုန်းကမှ ရှင်းမပြခဲ့ဘူး။ မလုပ်နဲ့ လုပ်ရင်
ဒဏ်ငွေဆိုတာပဲ ထပ်ခါတလဲလဲ ကြေညာနေတာမဟုတ်လား။ ဒီတော့ လူလစ်ရင်၊
စောင့်ဖမ်းမယ့်လူ မရှိရင် လုပ်ချင်တာတွေ လုပ်လာကြရော။
ဒီလိုစည်းကမ်းဖောက်လိုက်လို့ ဘာအကျိုးအပြစ်တွေ ဖြစ်လာသလဲ မတွေးကြတော့ဘူးလေ။
ဥပမာ - အစိုးရရုံး အဆောက်အဦးက လှေခါးကွေ့လေးတွေမှာ ကွမ်းတံတွေးတွေ
ထွေးကြတယ်။ မထွေးရ၊ ဒဏ်ငွေ ဆိုတာကြီးလည်း ရေးထားတယ်။ ဒါပေမယ့် ရုံးကလူကလည်း
ထွေးတယ်။ အလုပ်ကိစ္စလာတဲ့ အပြင်လူကလည်း ထွေးတယ်။ အဖမ်းခံရတဲ့
လူရှိတယ်လို့လည်း တခါမှ မကြားမိပါဘူးကွာ။ တကယ်တော့ ဒဏ်ငွေတွေ ဘာတွေ
ရေးနေစရာကို မလိုပါဘူး။ အဆောက်အဦးရဲ့ လှေခါးထစ်ဟာ ကွမ်းတံတွေး
ထွေးရမယ့်နေရာ မဟုတ်ဘူးဆိုတာ လူတိုင်းသိနေတာပဲ မဟုတ်လား။ အဲဒီလို
စည်းကမ်းမဲ့ တံတွေးထွေးတဲ့ လူတွေဟာ သူတို့အိမ်က အိမ်ထောင့်လေးတွေ၊
အဝတ်ဘီရိုနားတွေ၊ သောက်ရေအိုးစဉ်နားတွေမှာရော ကွမ်းတံတွေး
ထွေးနေကြမယ်ထင်လား။ မလုပ်ပါဘူး သူငယ်ချင်းရေ။ ကိုယ့်အိမ်လေကွာ။
ကိုယ့်အိမ်ညစ်ပတ်မှာ၊ ရောဂါပိုးမွှားရှိလာမှာ၊ အမြင်မတော် စိုးရိမ်တယ်လေ။
လူတစ်ဦးချင်းစီရဲ့ စည်းကမ်းနဲ့ ကိုယ်ကျင့်တရားဆိုတာ အဲဒါပါပဲ။ ဒါလေးက
သိပ်သေးလွန်းတဲ့ ဥပမာပါ။ ငါတို့ဟာ သမိုင်းကြောင်းကောင်းတဲ့နိုင်ငံ၊
ယဉ်ကျေးမှုမြင့်မားတဲ့နိုင်ငံ၊ နိုင်ငံကြီးသားတွေ နေတဲ့နိုင်ငံဆို
ဘယ်အစိုးရပဲ အုပ်ချုပ်နေပါစေ - လူတစ်ဦးချင်းစီဟာ အောက်တန်းကျတဲ့ စိတ်ညစ်တွေ
ရှိမနေသင့်ဘူး။ ဒါဟာ ပညာမတတ်တာနဲ့လည်း မဆိုင်ဘူး။ သူတို့မှာ
ပင်ကိုရှိပြီးသား အသိဥာဏ်တစ်ခုပါပဲ။ နည်းနည်းလောက် သတိပြန်ပေးလိုက်တာနဲ့
ဆင်ခြင်သွားနိုင်တဲ့ ကိစ္စမျိုးပါ။

စီးပွားရေးချွတ်ခြုံကျမှုရဲ့ အကျိုးဆက်တွေအနေနဲ့ ငွေကို
ဘယ်လိုနည်းနဲ့မဆိုရဖို့ ကြိုးစားလာတဲ့အချိန်မှာ လာဘ်ပေး၊
လာဘ်ယူဇာတ်လမ်းတွေဟာလည်း ပေါများသထက် ပေါများလာဦးမှာပါ။ လူတစ်ယောက်ရဲ့
အခက်အခဲ တစ်ခုကို ကူညီနိုင်ပါရဲ့နဲ့ တရားမဝင် လာဘ်ငွေပေးမှ
လုပ်ပေးမယ်ဆိုတဲ့ စိတ်ဓါတ်ဟာ သိပ်စိတ်ပျက်စရာပါပဲ။ မရှိလို့
အကြံအဖန်တောင်းစားရတယ်ဆိုတာကို နားလည်ပေးနိုင်ပေမယ့် ဒါဟာ သူလုပ်ပေးရမယ့်
တာဝန်တစ်ခု (Responsibility) ဖြစ်ပြီး တဘက်လူရဲ့ အခက်အခဲကိုလည်း
ကြည့်ရမယ်မဟုတ်လား။ ဒီတော့ ခုနပြောတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်လာတဲ့အခါ
လာဘ်စားမှုတွေလည်း လျော့ပါးလာမယ်လို့ ငါတော့ယုံတယ်သူငယ်ချင်း။

သူငယ်ချင်းရေ - ပြောလက်စနဲ့ ဆက်ပြောဦးမယ်ကွာ။ ငါတို့နိုင်ငံမှာ
အားကစားအကြောင်းပြောကြဟေ့ဆို “တချိန်က” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ဗဟာဒူးတို့ကဘယ်လို၊ ရှင်ဗွေဂန်း၊ မီတုန်းနော်ကဘယ်လိုဆိုပြီး အတိတ်ကို
စလွမ်းကြရတော့တာပဲ။ ပညာရေးဆိုလည်း “အရင်ကရန်ကုန်တက္ကသိုလ်ဟာ
အရှေ့တောင်အာရှမှာ...” ဆိုပြီး ပြန်တမ်းတကြရပြန်တော့ပဲမဟုတ်လား။
သူငယ်ချင်းရေ - ပညာရေးပဲဖြစ်ဖြစ်၊ အားကစားပဲဖြစ်ဖြစ် တနိုင်ငံလုံး
အတိုင်းအတာနဲ့ နိုင်ငံတကာအဆင့်ရောက်အောင်တော့ ငါတို့ဟာ အစိုးရအကူအညီမပါဘဲ
မရနိုင်ပါဘူး။ ဒါပေမယ့် အစိုးရလုပ်ပေးလိမ့်မယ်ဆိုပြီး စောင့်နေတာထက်
ငါတို့တွေအနေနဲ့ ကလေးနဲ့ လူငယ်တွေရဲ့ ပညာရေးကို ဘယ်လိုများ
ထောက်ပံ့အားပေးနိုင်မလဲဆိုတာ နည်းလမ်းရှာထားသင့်တယ်။ မင်းတို့လို IT
ပညာရှင်တွေက အလယ်တန်းအဆင့်လောက် ကျောင်းသားတွေကစပြီး ကွန်ပျူတာနဲ့
အင်တာနက်ကို မိတ်ဆက်ပေးကြမယ်၊ အားကစားမှာ ထွန်းပေါက်တဲ့လူတွေကလည်း
ကျောင်းသားတွေကစလို့ အားကစားအခြေခံလေးတွေကို ကိုယ်ကျိုးမရှာဘဲ သင်ပေးကြမယ်၊
အကြားအမြင်ဗဟုသုတရှိတဲ့ ပညာတတ်တွေကလည်း ဟောပြောပွဲတွေလုပ်လို့ ကလေးနဲ့
လူငယ်တွေကို လိမ္မာလာအောင်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာအောင် နားချကြမယ်ဆို
ငါတို့ဟာ ငါတို့လုပ်နိုင်တဲ့ တာဝန်တစ်ခုကို ကျေပွန်အောင်
လုပ်နိုင်ကြပြီလို့ ခံယူရမှာပါပဲကွာ။ ဒီလူငယ်တွေကို ဒီမိုကရေစီတွေ၊
စစ်အစိုးရတွေ ဘာမှ မသင်ပေးပါနဲ့ဦး။ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တတ်အောင်၊
မနက်တိုင်း ရွတ်ဆိုနေတဲ့ ကမ္ဘာမကြေသီချင်းဟာ ဘာအတွက်ဆိုကြရတယ်ဆိုတာသိအောင်၊
ယူနီဖောင်းဘာလို့ ဝတ်ကြတယ်ဆိုတာလောက်ပဲ အရင်သိအောင် လုပ်ပေးနိုင်ရင်ပဲ
တော်လှပါပြီ။ ဒီကလေးတွေနဲ့ လူငယ်တွေဟာ ငါတို့တိုင်းပြည်ရဲ့
အနာဂတ်တွေပဲမဟုတ်လား။

သူငယ်ချင်းရေ - မိချောင်းမင်း ရေကင်းပြသလိုများ ဖြစ်နေသလားကွာ။ ငါအပေါ်မှာ
ရေးထားခဲ့တာတွေဟာ နိုင်ငံရေးတွေပေါ့။ ဒါပေမယ့် ငါ အစိုးရဖြုတ်ချဖို့၊
ဆန္ဒပြဖို့ တစ်လုံးမှ မရေးထားဘူးနော်။ ဒီလိုနိုင်ငံရေးမျိုး
ငါတို့လုပ်ကြရမယ်သူငယ်ချင်း။ ရေးကြရမယ်။ တနည်းအားဖြင့် ဆွေးနွေးကြရမယ်။
ငါတို့အနာဂတ်ဟာ အစိုးရပြောင်းမှပဲ တောက်ပလာမယ်ဆိုတာကို ခေါင်းထဲက
ခဏထုတ်လို့ အဖြစ်နိုင်ဆုံးနည်းလမ်းတွေနဲ့ တိုင်းပြည်ကို ကူညီကြရမယ်။
ငါတို့တောင့်တတဲ့ ဒီမိုကရေစီထွန်းကားလာတဲ့အခါ ငါတို့ပြည်သူတွေဟာ
ဒီမိုကရေစီနဲ့အညီ နေထိုင်တတ်တဲ့ ပြည်သူတွေ ဖြစ်နေမယ်ဆို
ဘယ်လောက်ကောင်းလိမ့်မလဲကွာ။ ကြားဖူးတဲ့ ဆိုရိုးစကားလေး တစ်ခုရှိတယ်။
တိုင်းပြည်တစ်ခုကပြည်သူတွေဟာ သူတို့နဲ့တန်တဲ့ အစိုးရပဲ ရတတ်တယ်တဲ့။
ဒီဆိုရိုးလေးမှန်မယ်ဆိုရင် ငါတို့စည်းကမ်းပြည့်ဝပြီး
ကိုယ်ကျင့်တရားကောင်းလာတဲ့အခါ ငါတို့အစိုးရလည်း မင်းကောင်းမင်းမြတ်တွေ
ဖြစ်လာမှာပေါ့။ မကောင်းတဲ့လူတွေ ဘေးဖယ်သွားကြရပါလိမ့်မယ်။

မင်းလည်း မြန်မာ၊ ငါလည်း မြန်မာ - မြန်မာတွေ ဖြစ်ပါရက်နဲ့
မြန်မာ့နိုင်ငံရေးကို မရေးရ၊ စိတ်မဝင်စားရဆိုတော့ - သူငယ်ချင်း
မင်းတို့လုပ်ထားတဲ့ Portal က ဘယ်သူတွေ အတွက်တုန်း။ ငါပြောတာတွေ
မင်းနားလည်မယ်ဆို နိုင်ငံရေးလုပ်ကြစမ်းပါလို့ မင်းသူငယ်ချင်းတွေကို
ထပ်ပြောပေးပါကွာ။ သိပ်နောက်မကျခင် နိုင်ငံရေးလုပ်ကြစို့လို့။


PS. လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
ကျွန်တော်တို့မြန်မာပြည်လည်း နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်မယ်
လို့ယုံကြည်ပါတယ်။
ကျွန်တော်တို့လည်း နောက်မကျသေးခင် ကိုယ်တတ်နိုင်တဲ့နိုင်ငံရေးကို
လုပ်ဆောင်ကြရအောင်။

ကိုယ်ခန္ဒာကောင်းနေရင် အခြေအနေ မပျက် ရပ်တည်နိုင်သလို အခြေခံစေတနာ မှန်ကန်ရင်
အခြေအနေမပျက် ရပ်တည်နိုင်တယ်လို့  ဆိုလိုတယ် ဒါကြောင့် ကိုယ်ခန္ဒာဆိုတဲ့ ပင်ရင်း
စိတ်ဓာတ် ကောင်းမွန်ရင် ဦးခေါင်းဆိုတဲ့ ဘ၀ရပ်တည်မှု မဏ္ဍိုင် ခိုင်ခံ့ မြဲမြံ တယ်လို့ 
မှတ်သာထားပါ သူငယ်ချင်းတို့ ရေ....
***တကယ်တော့ လူတစ်ယောက်ရဲ့  ပင်ကိုစိတ်ရင်းဟာ သန့် ရှင်း စင်ကြယ် ပြီးသားပါ သူငယ်
ချင်းတို့ ရယ် အဲ့ဒီပင်ကို စိတ်အပေါ်မှာ ရောယှက်လာတဲ့ အသွေးအရောင်တွေအပေါ် မှုတည်ပြီး
ဖြူစင်ခြင်း၊မည်းညစ်ခြင်း၊ ဆိုတာဖြစ်လာရတာပဲ ဒီတော့ စိတ်ကို အဖြူထည် အတိုင်းပဲ ထားမလား
အရောင်ဆိုး ပစ်မလား စဉ်းစားကြနော် သူငယ်ချင်းတို့ ....
***မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့ စကားလည် ရှိတယ်မဟုတ်လား ဒါကြောင့် ကိုယ်သာ အဓိက
ဖြစ်တယ် ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ နိုင်ဘူးလေ ကိုယ့်ကိုကိုယ် အားကိုးဖို့ လိုတယ်
ကိုယ့်ကိုကိုယ် မြင့်တင်ဖို့ လိုတယ် လူဆိုတာ အတ္တဗဟိုပြု ၀ါဒီတွေမို့  ကိုယ့်ကိုကိုယ်တော့ ချစ်ကြ
ပြီးသားပါ မခဲယဉ်းလှပါဘူး တစ်ခုပဲရှိတယ် ကိုယ်ကောင်းဖို့ အတွက် သူတစ်ပါးကို အဆိုးမပြုမိစေဖို့ 
လိုတယ် သူငယ်ချင်းတို့ ...
***ခံယူချက်ပြင်းထန် ခိုင်မာတဲ့သူတွေဟာ ဘယ်လို ဖြာယောင်း သွေးဆောင် မှုကိုမှ မတုန်လှုပ်ကြဘူး
တကယ်တော့ ခံနိုင်ရည်ဆိုတာ လူတစ်ယောက်ရဲ့  အရည်ချင်း တစ်ရပ်ပဲ သူငယ်ချင်းတို့ ရဲ့ 
နှလုံးသားကို နူညံ့ပျော့ပျောင်းပါစေ ဒါပေမဲ့  ခေါင်းကိုတော့မာမာထားပါ သွေးမကျဲပါစေနဲ ၊
သွေးရဲပါစေ ၊ ဆုံးမစကားကို နားထောင် တတ်သူဖြစ်ပါစေ သွေးထိုးစကားကို နားထောင်
တတ်သူ မဖြစ်ပါစေနဲ့  ......
***ကိုယ့်ကိုကိုယ် ချုပ်ထိန်းနိုင်သူတွေဟာ ထက်မြက် ထူးချွန်သူတွေ ဖြစ်လာတတ်ကြပါတယ်
ကိုယ်လုပ်သမျှကို ကောင်းလည်းကိုယ်စံ ညံ့လည်းကိုယ်ခံ ကံကိုမယိုးစွပ်နဲ့  မိဘကို လွဲမချနဲ့ 
ကိုယ့်ဘ၀ကိုယ် တည်ဆောက်ရမယ်နော် သူငယ်ချင်းတို့ .....
***ကိုယ့်လမ်းကိုယ်ရွေး ၊ကိုယ့်မျော်လင့်ချက်အတိုင်း ကိုယ့်အစွမ်းအစနဲ့  ကိုယ်ဆိုင်ရုပ်လုံး
ဖော်ကြပါ အရေးကြီးတာက ကိုယ်ကိုကိုယ် ယုံကြည်မှုရှိဖို့ ပါပဲ သူငယ်ချင်းတို့ ရေ.......
***သူငယ်ချင်းတို့ ရေ....အတွေ့ အကြုံဆိုတာ အရက်စက် အကြမ်းကြုတ်ဆုံး ရဲ့  ဆရာပဲ
ဒါပေမဲ့ အဲ့ဒီက သင်ခန်းစာတော့ ယူတတ်စမ်းပါ ယူဖြစ်အောင်လဲ ကြိုးစားကြပါလို့ ...

1:48 PM

အလိုအပ်ဆုံးလူ

Posted by sawchithiha

အမေရိကားရှိ တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ။

တစ်ခါက တက္ကသိုလ်တခုတွင် ကျောင်းဆင်းခါနီး ဆရာက ...."ကစားနည်းတခု ကစားရအောင်..ဆရာနဲ့အတူ ဘယ်သူပါဦးမလဲ" ကျောင်းသူတဦး ထရပ်ပြီး စတိတ်စင်ပေါ် တက်လိုက်သည်။

ဆရာက "သင်ပုန်းပေါ်မှာ ကိုယ့်နဲ့အရင်းနှီးဆုံး လူ(၂၀)ဦးရဲ့ နာမည်ကို ရေးလိုက်ပါ"သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊ မိသားစု နာမည်များကို ရေးချလိုကသည်။

ထို့နောက် ဆရာက "အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်၊ မလိုအပ်ဘူးလို့ ထင်တဲ့ နာမည်ကို ဖျက်လိုက်ပါ"
အိမ်နီးချင်းတစ်ယောက်၏ နာမည်ကို သူမ ဖျက်လိုက်သည်။

" နောက်တစ်ယောက် ထပ်ဖျက်လိုက်ပါဦး"သူငယ်ချင်းတစ်ယောက်၏ နာမည်ကို ဖျက်လိုက်ပြန်သည်။

ဆရာပြောတိုင်း သူမက တစ်ယောက်ပြီးတစ်ယောက် ဖျက်လိုက်နှင့် နောက်ဆုံး သင်ပုန်းပေါ်တွင် လူသုံးဦးသာ ကျန်ခဲ့သည်။ ထိုသူများမှာ မိဘ၊ လင်ယောက်ျားနှင့် သားသမီးဖြစ်သည်။ ကျောင်းသားများ အားလုံး စိတ်ဝင်တစား
သင်ပုန်းကိုသာ စူးစိုက်ကြည့်နေကြသည်။ စာသင်ခန်း တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး ကစားနည်း တစ်ခု ကစားနေတာနှင့်ပင် မတူတော့ပေ။ ဆရာက တည်ငြိမ်သော အသံဖြင့် နာမည်တစ်ခု ထပ်ဖျက်ခိုင်းပြန်သည်။ သူမမှာ
အရွေးရခက်သောဟန်ဖြင့် အကြာကြီး စဉ်းစားပြီးမှ မိဘ ဆိုသည့် နာမည်ကို ကြက်ခြေခတ် ဖျက်ချလိုက်သည်။

"နောက်တယောက် ထပ်ဖျက်လိုက်" ဘေးမှ ဆရာ၏ အသံက ထပ်မံ ထွက်လာပြန်သည်။ ဒီတစ်ခေါက် သူမဖျက်ချဖို့ လက်မြှောက်ရာတွင်ပင် အင်အားကုန်ခမ်း နေဟန်တူသည်။ လက်ကို ဖြေးဖြေးချင်း မြှောက်ပြီး သားသမီးဆိုသည့် နာမည်ကို ဖျက်ချသည်နှင့် တစ်ပြိုက်နက် စိတ်ထိခိုက်သော အသံဖြင့် ချုံးပွဲချ ငိုကြွေးလေတော့သည်။ ဆရာက သူမအား နှစ်သိမ့်ပြီး....

"ကိုယ့်ရဲ့ အလိုအပ်ဆုံးနဲ့ အရင်းဆုံးလူဟာ မိဘနဲ့ သားသမီး ဖြစ်သင့်ပါတယ်။
မိဘက ကိုယ့်ကို ကြီးပြင်းလာတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ သားသမီးက
ကိုယ့်ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ သူတွေဖြစ်တယ်။ သူတို့က အစား
ပြန်မရနိုင်တဲ့ လူတွေဖြစ်တယ်။ လင်ယောက်ျားက နောက်တစ်ယောက်
ထပ်ယူလို့ရပါလျှက်နဲ့ ဘာဖြစ်လို့မဖျက်ဘဲ ချန်ထားခဲ့ရသလဲ" ဟုမေးလေသည်။
ကျောင်းသားများကလည်း သူမ၏ အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။

သူမက ..."အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့အမျှ မိဘတွေက ကျွန်မကို ထားပြီး အရင် ထွက်သွားကြလိမ့်မယ်။ သား သမီးတွေကလဲ ကြီးပြင်းလာရင် ကျွန်မကို ခွဲပြီး သွားကြလိမ့်မယ်။ အဲဒီ အချိန်မှာ ကျွန်မ ဘေးမှာ
တသက်လုံး ကူညီ ဖေးမမဲ့ သူဟာ ကျွန်မခင်ပွန်းသာ ဖြစ်ပါတော့မယ်။ ဒါကြောင့်သူ့ကို မဖျက်ဘဲ ချန်ထားခဲ့ရခြင်း ဖြစ်တယ်" ဟု တည်ငြိမ်စွာ ပြန်ဖြေလေသည်။

ဘ၀မှာ အလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ...?

"အသွားမတော် တလှမ်း၊ အစားမတော် တလုတ်" ဆိုသလို "အယူမတော် တသက်" လို့ရော ပြောလို့ ရနိုင်မလား...ဒါမှမဟုတ်.....

"အိမ်ထောင်မှု၊ ဘုရားတည်
ဆေးမှင်ရည် စုတ်ထိုး
ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန် ခက်လိမ့်မည် " ဆိုတဲ့ အတိုင်း မြန်မာလူမျိုးတွေ အတွက်တော့
ဆရာပြောသလို မကောင်းရင် နောက်တယောက်ပြောင်းလို့ ဖြစ်ပါ့မလား........
မေးခဲ့ရင် ပြန်ဖြေဖို့ တော်တော်ခက်ပါလိမ့်မယ်။ နောက်ဆုံး အဖြေကို ပိုင်ပိုင်နိုင်နိုင်နဲ့ ဖြေခဲ့တဲ့ အဲဒီ ကျောင်းသူကတောင် မိဘနဲ့ သားသမီးကို ဖျက်တဲ့အချိန်မှာ တုံ့ဆိုင်းနေခဲ့သေးတယ်။
ဖြေဖို့ အဖြေတောင် မရှိတဲ့ လူကတော့ အဲနေရာမှာတင် မူးလဲသွားမလား မပြောတတ်။

အခုတော့ အဖေ့ဘေးမှာ အမေပဲကျန်ပြီး အမေ့ဘေးမှာ အဖေပဲကျန်နေခဲ့တဲ့ လူတွေကိုမေးရင် ဘာများပြန်ဖြေလိမ့်မလဲ......?

ဒါပေမဲ့ .. လောကကြီးမှာ . ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရတာ ဟာ .. သဘာဝမို့ .. သူမ ရွေးချယ်လိုက်တဲ့ .. သူမရဲ့ ခင်ပွန်း ဆိုတာဟာလည်း သူမနဲ့ တစ်သက်လုံး အဖော်ပြုပေးနိုင်ပါ့မလား ……..

ဒါဆို .. ကျွန်တော်တို့ ..တစ်တွေ အတွက် အလိုအပ်ဆုံးသော ..သူ ဟာ ….

မိဘလား ….
သားသမီးတွေလားးး…
မိမိရဲ့ .. လက်တွဲဖော်လား ဆိုတာ ………….

4:20 PM

သတိမမူ ဂူမမြင်

Posted by sawchithiha

သတိမမှု ရင်တော့ ဂူကြီးတလုံးတောင်မှ မမြင်ဘဲ ၀င်တိုက်မိမှာ သေချာတယ်နော် သူငယ်ချင်းတို ရေ..
သတိသာမှုမယ်ဆိုရင် အလွန်သေးငယ်တဲ့ မြူမှုန်ကလေးကိုတောင်မှ မြင်နိုင်တယ်ဆိုတာ သိကြမှာပဲ
တကယ်တော့" သတိ "ဆိုတာ အသိတရားရှိသူတွေရဲ့  လက်ထဲက တုံးတောင်ဝှေး တစ်ခုဖြစ်တယ်
အသိဥာဏ် ရင့်ကျက်သူတွေဟာ သတိကိုဘယ်တော့မှ လက်မလွတ်ကြဘူး သူငယ်ချင်းတို့ ....
တကယ်တော့ သတိထားတယ်ဆိုတာဟာ အလေးနက်ရှိမှုရဲ့  သင်္ကေတပါပဲ စိတ်ဝင်စားခြင်းရဲ့ 
လက္ခဏာလည်းဖြစ်တယ် သတိမေ့တယ်ဆိုတာ သတိဆောင်မထားတတ်သူတွေရဲ့  ချွတ်ယွင်းချက်တခုပေါ့
မေ့မျောသွားတဲ့သူကို သတိလစ်သွားတယ်လို့  ပြောကြတယ်မဟုတ်လား....
သတိဆိုတာ ဦးနှောက်ရဲ့  ထိန်းချုပ်မှုတစ်ခုမျိုးပဲ သူငယ်ချင်းတို့ ရဲ့  ဦးနှောက်မှာတော့ အသိဆိုတာ
ရှိတာပေါ့ ဒါကြောင့် သတိကို အသိက ထိန်းချုပ်ထားတယ်လို့  ဆိုနိုင်တယ် ....
တချို့ များကျတော့ အသိတရားကတောင် မထိန်းချုပ်လိုက်နိုင်ဘဲ သတိလက်လွတ် ပြောဆိုလုပ်ကိုင်
ပစ်တတ်ကြတယ် ဒါကို ဆင်ခြင်ဥာဏ် ကင်မဲ့ခြင်းလို့  ခေါ်တယ် ဆင်ခြင်တုံ တရားဆိုတာ အသိတရားက
ဆင်းသက်လာတဲ့ အရည်ချင်း တစ်ရပ်ပေါ့ သူငယ်ချင်းတို့ ရယ် ဆင်ခြင်တတ်သူတွေဟာ သတိ ရှိကြစမြဲပါပဲ....
တစ်ခါတလေမှာတော့ ပညာရှိ သတိဖြစ်ခဲ ဆိုတာလည်း ရှိတတ်တယ်လေ အသိလွန်ပြီး သတိက
ကျော်သွားမိတာမျိုးပေါ့ သူငယ်ချင်းတို့  သိတာ တတ်တာ တွေများလာတော့ သတိထား ဆင်ခြင်ရမယ့်
အချက်တွေကို ထည့်မတွက်မိတော့ဘူးလေ ဒါကြောင့်လည်း မမှားသောရှေ့ နေ မသေးသောဆေးသမား
ရယ်လို့  မရှိဘူးဆိုပြီးပြောကြတာပေါ့ ......
သူငယ်ချင်းတို့ ရေ ဘယ်နေရာမဆို သတိလေတွေကို လက်မလွတ်ပါစေနဲ့ လို့  ဖူးပြောပါရစေ
ကိုယ့်ဘ၀ကိုယ် အမြဲသတိရပါ ဘ၀မမေ့ပါနဲ့  ကိုယ့်ရည်မှန်းချက် ကိုယ် အကောင်းထည် ဖော်ပါ
အမြဲသတိရှိပါ လမ်းမလွဲချော် သွားပါစေနဲ့  ကိုယ့်လုပ်ရပ်အပေါ် အမြဲသတိထားပါ သတိဆိုတာ ပိုတယ်လို့ 
မရှိပါဘူး လိုတယ်လို့ တာ ရှိသတဲ့သူငယ်ချင်းတို့ တွေလဲ အသိ သတိ အမြဲရှိနိုင်ကြပြီး ဘ၀မှာအောင်မြင်သော
သူများဖြစ်ပါစေလို့ .......ဖူး .....ဆုတောင်းနေလျှက်ပါ.....

" လောကကြီးမှာ "
ဖြစ်ချင်တာကို
ဖြစ်အောင်လုပ်ရင်ရပါတယ် ၊
မရမရှိပါဘူး
ဇွဲ ၊ လုံ့ လ ၊ ၀ီရိယ ၊
ပယောဂကို
အသိ ၊ သတိ ၊ ဥာဏ်
ပညာ နဲ့  ဦးစီးရင်
ဖြစ်ကို ဖြစ်ရတယ် ။

10:01 AM

ဦးနောက်စွမ်းရည်

Posted by sawchithiha

*

၁) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။

၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း
ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင်
ဦးနှောက်ကို ကျုံ့စေပါတယ်။

၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း
ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့)
အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့
စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့်
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး
အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့
အကျိုးဆက်ကို ရစေပါတယ်။

၅) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး
ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း
မြင့်မားလာစေပါတယ်။

၆) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့
အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့်
ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့
စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

၇) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို
အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ
အနှောင့်အယှက် ဖြစ်စေပါတယ်။

၈) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ
(လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ
ဖြစ်လာနိုင်ပါတယ်။

၉) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။

၁၀) မနက်စာမစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့
အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့
စွမ်းရည်ကို ကျဆင်းစေပါတယ်။

T

စောင့်နေရပြီဆိုရင် အဲ့ဒီအချိန်က အရမ်းကြားတာပဲလို့  လူတွေကပြောတယ်...
သူငယ်ချင်းတို့ေ၇...အချိန်ကျလာပြန်တော့ ကိုယ့်ဆန္ဒနဲ့  ထပ်တူမကျခဲ့ရင်ကံကြမ္မာကို
အပြစ်ပုံချတတ်ကြပြန်ရော ဒါနဲ့ ပဲ လူအများစုရဲ့ အဘိဓာန်မှာ အချိန်ညီမျှခြင်း ကံကြမ္မာရယ်လို့ 
ဖြစ်လာတာပေါ့ ဘာပဲဖြစ်ဖြစ် အချိန်ကိုလွဲချတော့တာပါပဲ....
သူငယ်ချင်းတို့ ရေ....အချိန်ကိုမစောင့်ပါနဲ့  အချိန်ကိုသီးခြားလွတ်လပ်ခွင့်ပေးလိုက်ပါ ကိုယ်လုပ်စရာ
ရှိတာကို ကိုယ့်ဘာသာလုပ်ပါ ရတဲ့အချိန်မှာလုပ် နိုင်သလောက်လုပ်ပါ မရတဲ့အချိန်ကို လှမ်းမမျှော်မနေနဲ့ 
အချိန်ဆိုတာ အမြဲတမ်းရှိနေတဲ့ အမှန်တရားပါ ....
လူတယောက်အတွက် အချိန်ဆိုတာ သူမသေမချင်း ရှိနေမယ့် ပိုင်ဆိုင်မှုဖြစ်တယ် အချိန်မရှိတော့ဘူးလို့ 
ဘယ်တော့မှ မတွေးပါနဲ့ ...
လူတွေက အချိန်ကုန်သွားပြီလို့  ပြောတတ်ကြသေးတယ် အချိန်ဆိုတာတစ်နေ့ ပြီး တစ်နေ့  တစ်ပတ်ပြီး
တစ်ပတ် တရာသီပြီး တစ်ရာသီ တစ်နှစ်ပြီးတစ်နှစ် အထပ်ထပ် အဖန်ဖန် လှည့်ပတ်သွားနေတဲ့ ယန္တရားတစ်ခုပါပဲ
ဘယ်အရာမှ လုပ်ယူလို့ မရနိုင်သလို အချိန်ကိုလည်း လုပ်ယူလို့ မရပါဘူး သူငယ်ချင်းတို့ ရေ....
ပြောချင်တာကတော့ ဘာကိုပဲလုပ်လုပ် အချိန်ကိုမပုတ်ခတ်ဖို့  အချိန်ကို ဆွဲမထည့်ဖို့  အချိန်ကို လွဲမချဖို့ ပါပဲ..
အချိန်ရှိခိုက် လုံ့ လစိုက်ဆိုတဲ့ စကားပုံလေအတိုင်း အမြဲတမ်းရှိနေတဲ့ အချိန်တွေမှာ အမြဲတမ်း အားထုတ်
ကြိုးပမ်းနေရမယ်...
တကယ်တော့ နေ၀င်သွားတယ်ဆိုတာ လကွယ်ညထဲ ဆွဲထည့်ခံရတာ မဟုတ်ဘူးနော် အရုဏ်ဦးနဲ့ အတူ
နိုးထဖို့ အတွက် နှစ်ခြိုက်စွာ အိပ်ပျော်နိုင်အောင် ကြိုးစားပါ သူငယ်ချင်းတို့  နားလည်နိုင်ကြပါစေ.....